Sunday, March 25, 2012

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် 'ရွှေစင်စကြာ' အလှူ

ရန်ကုန် (မဇ္ဈိမ) ။       ။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် 'ရွှေစင်စကြာ' အဆင့်မြင့်ယာဉ်လိုင်းမှ အလှူငွေ ကျပ် သိန်းတထောင်အား သောကြာနေ့ နံနက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း 'ရွှေစင်စကြာ' ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး က မဇ္ဈိမကို ပြောသည်။

"မြန်မာနိုင်ငံရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးရာမှာ ဝင်ရောက်ကူညီဖို့ နိုင်ငံသားတိုင်း မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် တဖက်တလမ်းကနေ ပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခု လှူတဲ့အလှူငွေဟာ ယာဉ်လိုင်းတခုလုံးရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ရဲ့ လုပ်အား၊ ခရီးသည်တွေထံက ရရှိတဲ့ အမြတ်အစွန်းတွေ လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်"ဟု ပြောသည်။

bochot
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ရွှေစင်စကြာ ယာဉ်လိုင်းမှ အလှူငွေ ကျပ် သိန်းတထောင်အား ဒေါ်အောင်ဆန်းစုကြည်မှတဆင့် မတ်လ ၂၃ ရက်နေ့က လှူဒါန်းစဉ်။ (ဓါတ်ပုံ - ကျော်စိုးနိုင်)

အလှူငွေအား ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့သည်။ ထို့နောက် အလှူငွေကျပ် သိန်းတထောင်အား ကော်မတီသို့ လွှဲပြောင်းပေးပို့လာ၍ ဇာဂနာ၊ ထွန်းအိန္ဒြာဗိုနှင့် ငှက်ပျော်ကြော်တို့က လက်ခံရယူခဲ့ပြီးဖြစ်ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီ အင်တာနက် စာမျက်နှာတွင်
ဖော်ပြထားသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အထ္ထုပ္ပတ္တိအား ရုပ်ရှင်အဖြစ် စီမံရိုက်ကူးနိုင်ရန်အတွက် ရုံးခန်း တခန်းကို ရန်ကုန်တိုင်း၊ မကာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းတွင် ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ဖွင့်လှစ်နိုင် ခဲ့သည်။
bochot1
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေးအတွက် ကျပ် သိန်းတထောင် လှူဒါန်းခဲ့သော ရွှေစင်စကြာ ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် အလှူငွေ လက်ခံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - ကျော်စိုးနိုင်)

ထိုနေ့ ရုံးခန်းဖွင့်ပွဲတွင် ရွှေပါရမီ ဆရာတော် အရှင် ဆန္ဒာဓိက ၏ စွန့်ကျဲအလှူငွေ ကျပ် ၃၂ သိန်း၊ ဇာတ်မင်းသား ဖိုးချစ် က အလှူငွေ ကျပ် သိန်း ၄၀ နှင့် ရုပ်ရှင်မင်းသား ကျော်သူ၏ ဖခင် ဦးစိန်တင်နှင့် ဒေါ်မြသန်းတို့က ၎င်းတို့ပိုင် အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းများကို လှူဒါန်းပေးအပ်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားအား ဗိုလ်ချုပ်၏ အသက် ၁၀၀ ပြည့် ဖြစ်သည့် ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ရိုက်ကူးတည်းဖြတ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

No comments:

Post a Comment