Wednesday, October 31, 2012

အလွမ်းည

ငါ့အလွမ်းတွေနဲ့ပဲ
ငါ့ကိုယ်ငါ ထိန်ထိန်သာနေခဲ့ရတယ်
လမင်းရေ.....။

ဟောဒီ..အလွမ်းညဥ့်နက်နက်တွေထဲ
မိုးစင်စင် မလင်းနိုင်သေးသမျှတော့
ခုလို လပြည့်ညတွေမှာ
ငါ့ကိုယ်ငါတောင်
အသက်ရှူ မ၀နိုင်တော့ဘူးပေါ့။

မျှော်လင့်ချက်ကောင်းကင်အောက်မှာ
ငါ့ကိုယ်ငါ လောင်ကျွမ်းရင်း

ငါကြယ်တစ်စင်းဖြစ်နေခဲ့မလား
ဒီလို လပြည့်ညတွေထဲမတော့
ငါဟာ မှိန်ပြဖျော့တော့လို့။

အိမ်ကလေးရယ်လေ.....
အခုအချိန်ဆို ငါ့ကိုတမ်းတတဲ့စိတ်နဲ့
မီးရောင်စုံတွေ ချိတ်ဆွဲထားလေမလား
ငါ့ရင်ထဲမှာတော့
သောကဆီမီးတွေက တငွေ့ငွေ့ ။

ငါနေတဲ့အရပ်ဆီက
အေးစက်စက် လရောင်နဲ့ ညတွေထက်စာရင်
မင်းရင်ခွင်ထဲက ရောင်စုံလပြည့်ညလေးကိုပဲ
ငါ.....ချစ်နေခဲ့တယ်လေ။

ဒီလိုပါပဲ......
ငါ့အတွက်တော့ ဘ၀ဆိုတာ
နေသားမကျနိုင်သေးတဲ့ ကောင်းကင်တစ်ခုအောက်မှာ
ရှင်သန်နေထိုင်ခြင်းလား
ကမ္ဘာတစ်ခြမ်းစီ အလှမ်းဝေးခဲ့ပြီ
အိမ်ကလေးရေ....။

အခုတော့လည်း
ပြန်မဆုံနိုင်သေးတဲ့ ကမ္ဘာတစ်ခြမ်းစီမှာ
အလွမ်းတွေ ကိုယ်စီထွန်းညှိရင်း
ငါ့ရင်ဘတ်ထဲမှာ လသာနေပေမဲ့
မင်းရင်ခွင်ထဲမှာ နေမ၀င်နိုင်သေးတာပဲ ခက်တယ်
အိမ်ကလေးရယ်.....။

No comments:

Post a Comment