Wednesday, November 20, 2013

ပြည်ထောင်စုလွှတ်တော်နာယက ဂန့်ဂေါမြို့နှင့် မင်းတပ်မြို့သို့ ရောက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ


နေပြည်တော်-နိုဝင်ဘာ(၁၉)
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီတွင် ဂန့်ဂေါမြို့ အမှတ်(၄)ရပ် ကျောတိုက်ရှိ မြစ်သာခန်းမ၌ ကျင်းပသည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက က အမှာစကားပြောကြားသည်။
ထို့နောက် ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသလိုအပ်ချက်များကို ဆွေးနွေး တင်ပြသည်။
ယင်းနောက် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိဂုံးချုပ်အမှာစကားပြောကြားသည်
ဆက်လက်၍ မင်းတပ်မြို့ရှိ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မွန်းလွဲ(၁)နာရီခွဲတွင် မင်းတပ်မြို့ စံပြရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်တို့မှ စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီဥက္ကဋ္ဌများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က ချင်းတိုင်းရင်းသားများ၏ အသံများကို နားထောင်ပြီး ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဆန္ဒများ၊ လိုအပ်ချက်များကို တင်ပြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ လုပ်ဆောင်ပေးနိုင်ခြင်းမရှိသည်များကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဆွေးနွေး တင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြပြီးနောက် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ခေတ်အဆက်ဆက် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့ကြသည်များကို တွေ့မြင်ခဲ့ကြရမည်ဖြစ်ကြောင်း၊ မအောင်မြင်ခဲ့သည်များကို လက်မလျှော့ဘဲ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် သဘာဝကျပြီး လက်တွေ့ဆန်သည့် အစီအမံများဖြင့် လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ဒေသ၏ သယံဇာတများကို မှန်ကန်စွာ ဖော်ထုတ်အသုံးချခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဟန်ချက်ညီညီ တိုးတက်ရေးအတွက် လုပ်ငန်းအလိုက် ကျွမ်းကျင်သော ပညာရှင်များ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပြီး ဒေသတစ်ခုလုံး လွှမ်းခြုံနိုင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်သူများအနေဖြင့် မိမိတို့၏ မှန်ကန်သောအသံများ၊ ဥပဒေနှင့်ညီသော လိုအပ်ချက်များကို ရဲရဲတင်းတင်းတင်ပြဆောင်ရွက်ပြီး မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်များရှိ ပရဟိတလုပ်ငန်းများအတွက် အလှူငွေကျပ် သိန်း(၅ဝ)စီနှင့် ကန်ပက်လက်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ် သိန်း(၂ဝဝ)ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment