Thursday, October 24, 2013

မျက်မှောက်ဘ၀တွင် အကျိုးပေးသောကံ


ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် ကံနှင့် ကံ၏အကျိုးပေးတို့ကို ယုံကြည်အားကိုလျက်ရှိကြပေသည်။ ထို့ကြောင့် အကုသိုလ်ကံများ မိမိတို့သန္တာန်၌ မဖြစ်လာရအောင်၊ ကုသိုလ်ကံများ
မိမိတို့သန္တာန်၌ ဖြစ်နေရအောင် ကောင်းမှုကုသိုလ်များကို မိမိတို့စွမ်းနိုင်သမျှ ပြုနေကြရပေသည်။ ဤကဲ့သို့ မိမိတို့ ပြုနေကြသော ကုသိုလ်ကံတို့သည် အကျိုးပေးရာကာလအားဖြင့် (၄)မျိုးကွဲပြားလျက် ရှိကြပေသည်။
အကုသိုလ်ကံများပြုမိလျှင် အကုသိုလ်ကံတို့သည်လည်း အကျိုးပေးရာကာလအားဖြင့် လေးမျိုးပင် ကွဲပြားလျက်ရှိပေသည်။ ယခုရေးသားဖော်ပြမည်မှာ ကုသိုလ်ကံများကိုသာ ရေးသားဖော်ပြမည်ဖြစ် ပေသည်။ ကုသိုလ်ကံတို့တွင်လည်း ဒါနကုသိုလ်ကံ၏ အကျိုးပေးရာကာလအားဖြင့် လေးမျိုးကွဲပြားပုံကို အဓိကထား၍ ရေးသားဖော်ပြမည်ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့ ပြုနေကြသည့် ဒါနစသော ကုသိုလ်ကံတို့သည်

၁။ ဒိဋ္ဌဓမ္မဝေဒနီယကံ(Immediately effective Kamma) မျက်မှောက်ဘဝ၌ အကျိုးပေးသောကံ။
၂။ ဥပပဇ္ဇဝေဒနီယကံ(Subsequently effective Kamma) အခြားမဲ့ဖြစ်သော ဒုတိယဘဝ၌ အကျိုးပေးသောကံ
၃။ အပရာပရိယဝေဒနီယကံ(Indefinitely effective Kamma) တတိယဘဝမှစ၍ နိဗ္ဗာန်တိုင်အောင် အကျိုးပေးသောကံ
၎။ အဟောသိကံ(Defunct Kamma) အကျိုးပေးရန် အခွင့်မရဘဲ အချည်းအနှီးဖြစ်သောကံ ဟူ၍ လေးမျိုးကွဲပြားလျက်ရှိပေသည်။
ဒိဋ္ဌဓမ္မဝေဒနီယကံ(Immediately effective Kamma)

ယခုမျက်မှောက်ဘဝ၌ အကျိုးပေးသောကံဟူသည် ဒါနစသော ကောင်းမှုကုသိုလ်များပြုသောအခါ ကုသိုလ်ဇောတို့သည် (၇)ကြိမ် ၊ဖြစ်သွားကြပေသည်။ ထို(၇)ကြိမ်တို့တွင် ပထမဇောကုသိုလ် စေတနာကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံဖြစ်ပေသည်။ ထိုဒိဋ္ဌဓမ္မဝေဒနီယကံသည် ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးနိုင်သည်။ ယခုမျက်မှောက်ဘဝ၌ပင် အကျိုးပေးသော်လည်း သူ့ရှေ့မှ ဇောအကူအညီကိုမရ၍ ရှေးဦးစွာဖြစ်ရသည့် ပထမဇောကုသိုလ်ကံဖြစ်သောကြောင့် မေးဖွားခါစ ကလေးငယ်များကဲ့သို့ အားနည်းလှပေသည်။ ထို့ကြောင့်အကျိုးပေးသောအခါ ပထမဇောကုသိုလ်စေတနာကံသည် ထင်ထင်ရှားရှား အကျိုးမပေးနိုင်ပေ။ မထင်မရှားသာ အကျိုးပေးနိုင်သည်။

ပထမဇောကသိုလ်စေတနာကံသည် ယခုမျက်မှောက်ဘဝ၌ပင် ကုသိုလ်ရှင် ကိုယ်ချမ်းသာ စိတ်ချမ်းသာမှု ရှိအောင်၊ ကုသိုလ်ရှင်ပြုချင်သည့်ကိစ္စများ လွယ်လွယ်နှင့် ပြီးမြောက်သွားရအောင်၊ ကုသိုလ်ရှင် အလိုရှိအပ်သည့် အကျိုးတရားများ လွယ်လွယ်နှင့် ရရှိသွားရအောင် မထင်မရှားပင် အကျိုးပေးနိုင်ပေသည်။ ယခုဘဝ၌အကျိုးပေးခွင့်မရလျှင် နောင်ဘဝများ၌ အကျိုးမပေးတော့ပေ။ အကျိုးမပေးသည့် အဟောသိကံ ဖြစ်သွားရပေသည်။
ပထမဇောကုသိုလ်စေတနာကံသည် အားနည်းသော ကုသိုလ်ကံပင်ဖြစ်ပါသော်လည်း ထူးခြားသည့် အကြောင်းလေးချက်နှင့် ပြည့်စုံလျှင်တော့ ဆင်းရဲသားဘဝမှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။ ထူးခြားသည့် အကြောင်းလေးချက်မှာ

၁။ အလှူခံပုဂ္ဂိုလ်၏ အနာဂါမ် ရဟန္တာဖြစ်ခြင်း။
၂။ နိရောဓသမာပတ်မှ ထသောအခါဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ်၏ စင်ကြယ်သော လှူဖွယ်ပစ္စည်းဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ်၏ စေတနာသုံးတန် ထက်သန်ခြင်းဟူသော ဤထူးခြားသည့် အကြောင်းလေးချက်နှင့် ပြည့်စုံလျှင် ဆင်းရဲသားဘဝမှ သူဌေးကြီးဖြစ်အောင် အကျိုးပေးနိုင်ပေသည်။
အရှင်အနုရုဒ္ဓါအလောင်း အန္တွဘာရမြက်ထမ်းသမားသည် ထူးခြားသော အကြောင်းလေးချက်နှင့် ပြည့်စုံစွာ လှူဒါန်းရသောကြောင့် ဆင်းရဲသားဘဝမှ သူဌေးကြီးဖြစ်ရသည့် သာဓက ရှိခဲ့ပေသည်။ တစ်ချိန်သောအခါ အရှင်အနုရုဒ္ဓါအလောင်းသည် အန္တွဘာရဟူသောအမည်ဖြင့် သုမနသူဌေးအိမ်၌ မှီခို၍ နေရသော ဆင်းရဲသား မြက်ထမ်းသမားဖြစ်ခဲ့ရပေသည်။ အန္တွဘာရမြက်ထမ်းသမားသည် တစ်နေ့သောအခါ တောအရပ်မှ မြက်များကို ရိတ်ယူကာ မြက်ထုံးများကိုထမ်း၍ အိမ်သို့ပြန်လာခဲ့လေ၏။

ထိုအချိန်မှာပင် ဂန္ဓမာဒနတောင်၌သီတင်းသုံးနေတော်မူသော ဥပရိဋ္ဌအမည်ရှိသည့် ပစ္စေကဗုဒ္ဓ အရှင်မြတ်သည် နိရောဓသမာပတ်မှထ၍ ကောင်းကင်ခရီးဖြင့် ကြွလာတော်မူပြီးလျှင် အန္တွဘာရ မြက်ထမ်းသမား၏ ရှေ့မှသက်ဆင်းကာ သပိတ်ကိုပိုက်လျက် ဆွမ်းခံကြွသွားတော်မူ၏။ ထိုအခါ အန္တွဘာရသည် အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူလိုသောကြောင့် အိမ်ရှင်မထံပြန်သွား၍ နှစ်ယောက်စာ ထမင်းကို ယူလာကာ အရှင်ပစ္စေကဗုဒ္ဓါအား လှူဒါန်းပြီးလျှင် “ဤတစ်ထပ်စာမျှသောဆွမ်းကို လှူဒါန်းရသည့် ကောင်းမှုကြောင့် နောင်ဖြစ်လေရာဘဝတိုင်းတို့၌ ဆင်းရဲသားမျိုးမှာ မဖြစ်ရပါလို၏” မရှိဟူသောစကားကို မကြားမသိရပါလို၏ဟု ဆုတောင်းပတ္ထနာနှစ်ခုကိုပြုလိုက်ပေသည်။
ဤကဲ့သို့ တစ်ထပ်စာဆွမ်းကို လှူဒါန်းကာ ဆုတောင်းပတ္ထနာပြုပြီးလျှင် အိမ်သို့ပြန်လာသောအခါ သုမနသူဌေးက အန္တွဘာရ၏ ဆွမ်းအလှူကို တစ်ကျပ်မှစ၍ တစ်ထောင်ထိအောင် တိုးပေး၍ ဝယ်ယူသော်လည်း မရောင်းတဲ့အတွက်ကြောင့် အမျှဝေစေပြီး သာဓုခေါ်ကာ ငွေတစ်ထောင် ပေးလေ၏။ ထိုနောက်မင်းကြီးထံသို့ သွားဖို့ရန်ရှိ၍ အန္တွဘာရကို မင်းကြီးထံသို့ ခေါ်သွားလေ၏။ မင်းကြီးကလည်း တစ်ထောင်ထပ်ပေးပြီးလျှင် အိမ်ဆောက်ဖို့ရန်အတွက် ခြံမြေတစ်ကွက်ကို ပေးပြန်လေသည်။ ထိုခြံမြေကို ရှင်းလင်းသောအခါ အန္တွဘာရအတွက် ရွှေအိုးများ ပေါ်ထွက်လာသောကြောင့် အန္တွဘာရဆင်းရဲသားကို သူဌေးကြီးဘွဲ့ ပေးလိုက်လေ၏။

အန္တွဘာရမြက်ထမ်းသမား၏ ဆွမ်းအလှူသည်
၁။ အလှူခံပုဂ္ဂိုလ်၏ ပစ္စေကဗုဒ္ဓါရဟန္တာဖြစ်ရခြင်း။
၂။ ပစ္စေကဗုဒ္ဓါရဟန္တာ၏ နိရောဓသမာပတ်မှ ထသောအခါဖြစ်ခြင်း။
၃။ အလှူပေးပုဂ္ဂိုလ် အန္တွဘာရ၏ တစ်ထပ်ဆွမ်းသည် စင်ကြယ်သော လှူဖွယ်ပစ္စည်းဖြစ်ခြင်း။
၎။ အလှူပေးပုဂ္ဂိုလ် အန္တွဘာရ၏ စေတနာသုံးတန်ထက်သန်ခြင်းဟူသော ထူးခြားသည့် အကြောင်းလေးချက်နှင့် ပြည့်စုံသောကြောင့် အန္တွဘာရသည် ယခုဘဝ၌ပင် မြက်ထမ်းသမား ဆင်းရဲသားဘဝမှ သူဌေးကြီး ဖြစ်သွားရလေ၏။ ပထမဇောကုသိုလ် စေတနာကံ၏ အကျိုးပေးပင် ဖြစ်ပေသည်။

အကုသိုလ်အကျိုး
နန္ဒမည်သောလုလင်သည် ဥပ္ပလဝဏ်ထေရီမကို မတရားပြုကျင့်မှုကြောင့် ချက်ချင်း မြေမျိုခံရ၏။ နန္ဒမည်သော နွားသတ်သမားသည် အမြဲနွားသတ်၍ အသက်မွေးနေရာ တစ်နေ့သ၌ ထမင်းပွဲတွင် အမဲဟင်းမပါ၍ နွားလျှာကို လှီးဖြတ်ကင်စားသောက်တုန်းမှပင် လျှာပြတ်ကျလေသည်။အကုသိုလ် ဒိဋ္ဌဓမ္မအကျိုးပေးပင်ဖြစ်ချေသည်။

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝ ကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment