Sunday, January 8, 2012

နိုင်ငံခြားတွင် တရားဝင်နေထိုင်ပြီး အခွန်ဆောင်ထားသူများအတွက် ကားတင်သွင်းခွင့်

ဝင်ငွေခွန်ဆောင် မြန်မာအလုပ်သမားများ ပထမဆုံးအကြိမ် ကားစီးရေ ၃ဝဝဝ သွင်းခွင့်ပေးမည်


ရန်ကုန်၊ ဇန်နဝါရီ ၅
ပြည်ပတွင် သွားရောက် အလုပ်လုပ်ခဲ့ချိန်က ဝင်ငွေခွန်ထမ်းဆောင်ခဲ့ကြဖူးကြသည့် မြန်မာအလုပ်သမားများအနေဖြင့် ဘဏ်စာရင်းတွင် အမေရိကန်ဒေါ်လာ ၁ဝဝဝဝ နှင့် အထက်ရှိပါက ကားတင်သွင်းခွင်လျှောက်ထားနိုင်ပြီး ကားသစ်စီးရေ၃ဝဝဝ သွင်းခွင့်ပေးမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''အခုပြည်ပမှာ ရောက်ရှိအလုပ်လုပ်နေတဲ့သူတွေအပြင် ပြည်ပမှာအလုပ်လုပ်ပြီး အခုမြန်မာနိုင်ငံမှာ ပြန်ရောက်နေတဲ့သူတွေအားလုံး ကားသွင်းခွင့်လျှောက်လို့ရတယ်။ ဒါပေမဲ့ အခွန်ဆောင်ထားတဲ့ အထောက်အထားနဲ့ဘဏ်စာရင်းမှာ အမေရိကန်ဒေါ်လာတစ်သောင်းသွင်းထားတဲ့ အထောက်အထားပြဖို့လိုမယ် ။ ဒါတွေပြပြီး အလုပ်သမားဝန်ကြီးဌာနမှာ ကားသွင်းခွင့်လာလျှောက်လို့ရပါတယ်။ ၂ဝ၁၂ ခုနှစ်ဇန်နဝါရီလမတိုင်မီ ပြည်ပနိုင်ငံတွေမှာအလုပ်လုပ်ကိုင်နေသူ၊ အလုပ်လုပ်ခဲ့ဖူးသူတွေအားလုံး လျှောက်လို့ရတယ်''ဟုအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဇန်နဝါရီလ ၅ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံးတွင် ကျင်းပပြုလုပ်သော အလုပ်သမားများ မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားခွင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့ကြခြင်းဖြစ်သည် ။
မော်တော်ယာဉ်တင်သွင်းခွင့်လျှောက်ထားရာတွင် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသော အလုပ်သမားကိုယ်တိုင် လက်မှတ်ရေးထိုးလျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူ၏လက်ဗွေပါ ပါရမည်ဖြစ်ကာ သတ်မှတ်လျှောက်လွှာဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခဲ့သည့် အထောက်အထားများ၊ မြန်မာနိုင်ငံဘဏ် နိုင်ငံခြားငွေစာရင်းစာအုပ်မူရင်းနှင့် မိတ္တူပါရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားငွေစာရင်းတွင် အခွန်ဆောင်ထားသော အခွန်ကြေကြောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံးများ၏ ထောက်ခံချက်မူရင်းနှင့် မိတ္တူ၊ အလုပ်သမားမှတ်ပုံတင်ခြင်းအတွက် အစိုးရသို့အက်ဖ်အီးစီ ၁ဝဝပေးသွင်းထားသောချလန်မူရင်းနှင့် မိတ္တူလိုအပ်ကြောင်း၊ ယင်းအချက်အလက်ပြည့်စုံပါက မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၌ ယခုလ ၆ရက်နေ့မှစ၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
''နိုင်ငံခြားမှာရှိပြီး အလုပ်လုပ်နေတဲ့သူတွေဆိုရင် သတ်မှတ်လျှောက်လွှာပုံစံမှာ လက်မှတ်ထိုးပြီး ဖက်စ်နဲ့ပို့ပြီးလျှောက်လို့ရတယ်''ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အလုပ်သမားဝန်ကြီးဌာနကကားတင်သွင်းခွင့်လျှောက်ထားသူများကိုအစဉ်အတိုင်းမှတ်ပုံတင်စိစစ်ပြီး ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီက မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းယင်းဌာနမှ တရားဝင်ထုတ်ပြန်ထားသည်။
မော်တော်ယာဉ်တင်သွင်းရမည့်တန်ဖိုးကို သတင်းဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကဆိုသည် ။

No comments:

Post a Comment