Friday, December 26, 2014

မင်းအုပ်စိုး သတ်လို့သေရတယ်ဆိုတဲ့ ယောသူလေး မတေးနုယဉ်အကြောင်း

.အမျိုးသား အနုပညာရှင်သရုပ်ဆောင်တစ်ယောက် သတ်လို့သေသွားရတယ်ဆိုတဲ့ "မတေးနုယဉ်" ကို ကျွန်တော် ပြီးခဲ့တဲ့ ၅ လလောက်က ဆုံခဲ့ဖူးပါတယ် ။ ဆုံခဲ့ပုံက သူငယ်ချင်းတစ်ယောက်ရဲ့ ဆက်သွယ်ပေးချက်နဲ သူအယ်ဒီတာလုပ်နေတဲ့
သာရပါမဂ္ဂဇင်းတွေကို ယောနယ်က လက်ပန်းရွာစာကြည့်တိုက်အတွက် လှူချင်လို့ ဆိုပြီးဖုန်းနဲ့ ဆက်သွယ်လာလို့ တွေ့ဖြစ်ကြတာပါ ။ အဲဒီတုန်းက သူချိန်းနဲ့ နေ့မှာပဲ စာအုပ်အလှူခံဖို့ သူ့အလုပ်ပိုင်ရှင်ရဲ့ ခြံ ၊ သရပါမဂ္ဂဇင်းတိုက်ရှိရာ ဖိုးစိန်လမ်းထဲက ခြံထဲကို ကျွန်တော်နေတဲ့ နေရာကနေ လမ်းလျှောက်ရင်းနဲ့ ရောက်ခဲ့ပါတယ် ။ အဲဒီမှာ သူနဲ့ တွေ့ တော့ လှူဖို့ စာအုပ်တွေ လက်တွေလက်ခံပြီး စာအုပ်အလှူရှင်တစ်ယောက်အနေနဲ့ မှတ်တမ်းတင်ချင်လို့ ဓာတ်ပုံရိုက်ခွင့်တောာင်းတော့ သူ့ရုံးခန်းထဲမှာပဲ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ် ။

မတေးနုယဉ်ဟာ တကယ်ကို ရိုးရိုးအေးအေးလေးပါ ။ စကားပြောလည်းယဉ်ကျေးသိမ်မွေ့ မှုရှိပါတယ် ။ မဂ္ဂဇင်းတစ်စောင်ရဲ့ အယ်ဒီတာတစ်ယောက်အဖြစ်နဲ့လည်း ဟိတ်ဟန်ကြီးကြီးပုံဖမ်းပြီးနေတဲ့သူမဟုတ်ဘူး ။ ကျွန်တော့်ကိုလည်း အဲဒီမဂ္ဂင်းမှာ ဆောင်းပါး ထည့်လိုက ပို့ပေးနိုင်ကြောင်း ပြောပါသေးတယ် ။ နောက်ပြီး သူ့ကို အပြင်မှာတွေ့ ရတာကလည်း သူ့ဖေ့စ်ဘုတ်မှာ တင်ထားတဲ့ပုံတွေလို ဟန်ပန်မူယာကောင်းကောင်းမျိုးနဲ့မဟုတ်ပါဘူး ။ ရိုးရိုးအေးအေး ပုံစံလေးနဲ့ပါပဲ ။ သူ့အလုပ်ရှင် သူ့ဆရာဆိုသူကိုလည်း တော်တော်လေးလေးစားစား ရှိပါတယ် ။ ကျွန်တော်သိလိုတဲ့ အကြောင်းတချို့ ကိုလည်း ဆရာ့ကိုမေးကြည့်ပေးပါမယ် ..ဆိုပြီးပြောတတ်ပါသေးတယ် ။ သူက အဲဒီမိသားစုထဲမှာ အရေးပါအရာရောက်သူတစ်ယောက် ဖြစ်ပုံရပေမယ့်လည်း သူဟာ သာမန်ဝန်ထမ်းတစ်ယောက်ရဲ့  ပုံစံမျိုးလေးနဲ့ပဲ ပြောဆိုပါတယ် ။ သူဟာ ယောနယ်ထဲက ကျောက်ထုမြို့ သူ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ရန်ကုန်မြို့ မှာ အယ်ဒီတာတစ်ယောက်အဖြစ် လာရောက်လုပ်ကိုင်နေတာကိုလည်း ကျွန်တော်က ဂုဏ်ယူလို့မဆုံးဘူး ။ ကျောက်ထုကို ပြန်ဖြစ်သေးလားလို့ သူ့ကိုမေးတော့ သင်္ကြန်ကျမှ တစ်ခါပြန်ဖြစ်ပါတယ်တဲ့ ။ သူလည်း သူ့ဒေသဖြစ်တဲ့ယောဒေသကို တော်တော်သံယောဇဉ်ကြီးပုံရပါတယ် ။ ဒါကြောင့်လည်း ယောနယ်ထဲက လက်ပန်းရွာစာကြည့်တိုက်အတွက် စာအုပ်လှူဖြစ်အောင် သူအကျိုးဆောင်ခဲ့တာနေမှာပါ ။ စာအုပ်တွေ ပေးအပ်လှူဒါန်းပြီးတဲ့အခါမှာ သူက ကျွန်တော့်ကို တစ်ခုတောင်းဆိုပါတယ် ။ သူတို့ မဂ္ဂဇင်းတိုက်က စာအုပ်လှူတဲ့အတွက် ဂုဏ်ပြုလွှာလေးတော့ ရချင်ပါသတဲ့ ။ ဘယ်လိုပုံစံမျိုးလေး လိုချင်တယ်ဆိုတာကို နမူနာပြလိုက်ပါသေးတယ် ။ ဒါပေမယ့် ကျွန်တော် အခုထိ သူတောင်းတဲ့ ဂုဏ်ပြုလွှာလေး မလုပ်ပေးဖြစ်သေးဘူး ။

သူနဲ့ စကားတွေပြောဖြစ်တော့ စကားစပ်မိပြီး အဲဒီခြံထဲမှာပဲ သူ့ဆရာဆိုသူ ရှာဖွေစုဆောင်းထားတဲ့ ပန်းချီကားတွေနဲ့ ခေတ်အဆက်ဆက် လူသုံးကုန်ပစ္စည်းတွေကို ခင်းကျင်းပြထားတဲ့ ပြခန်းထဲကိုလည်းလိုက်ပြပါတယ် ။ ပြခန်းထဲပြထားတာကိုကြည့်ပြီး စီစဉ်သူ သူ့ဆရာကို လေးစားတဲ့မိခဲ့တာကြောက်တကြောင်းရယ်နဲ့ သူ့ရဲ့ သရုပ်ဆောင်မှုကို သိပ်မကြိုက်ပေမယ့်လည်း သူငွေစိုက်ထုတ်ပြီး ရိုက်ကူခဲ့တဲ့ဇာတ်ကားတွေမှာ ရည်ရွယ.်ချက်လေးတွေထည့်သွင်းရိုက်လေ့ရှိတာကို လေးစားမိတာတွေကြောင့် မတေးနုယဉ်ဆီကနေပြီး သူ့ဆရာဖေ့ဘုတ်အကောက်ကို တောင်းယူခဲ့ပါတယ် ။ သူကလည်း သူ့ဆရာရဲ့ ပရိုဖိုင်းပုံလေးမှာ ဘာပုံလေးတင်းကြောင်း ၊ အချိန်ပြည့်လိုင်းပေါ်မှာရှိတတ်ကြောင်းတွေပါ ပြောလိုက်ပါသေးရဲ့  ။

အခုတော့ မတေးနုယဉ်ဆုံးရှာပြီတဲ့ ။ သေဆုံးရတာကလည်း အစ်ကိုဖြစ်သူက ဆုံးမရင်းလက်လွန်သွားလို့ဆိုပဲ ။ မတေးနယဉ်နဲ့ သူ့အလုပ်ရှင်ဆိုသူက မောင်နုမ၀မ်းကွဲ ( တချို့ သတင်းတွေမှာကတော့ မောင်နုမအရင်းတဲ့ ) ဆိုပါလား ။ ဘယ်တုန်းက မောင်နုမတွေတော်သွားကြတာပါလိမ့် ။ အဲဒါကိုအကြောင်းပြုပြီး သတင်းကြားရတဲ့ သူတချို့ က လူသတ်တရားခံ ဇာတ်လိုက်ကျော်ကြီးကို ဖြစ်မှဖြစ်ရလေဆိုပြီး ဂရုနာသက်နေကြလေရဲ့  ။ ကလေးနှစ်ယောက်နဲ့ သူ့မိန်းမကတော့ ဒုက္ခပဲ ..ဆိုတာမျိုးတွေ ။ ညီမကို ကောင်းစေချင်လို့ ဆုံးမရင်းလက်ကွန်သွားရှာတာနေမှာပါ ..ဆိုပြီးတော့လည်း စိတ်မကောင်းဖြစ်နေလိုက်ပုံများ အသတ်ခံရလို့သေတဲ့သူကိုတောင်မှ အပြစ်ပြောရတော့မလိုလိုပါပဲ ။

မတေးနုယဉ် အတွက်တော့ တော်တော်ရင်နာဖို့ကောင်းပါတယ် ။ စကားပြောတာကအစ အေးအေးလေးသာပြောလေ့ရှိတဲ့ ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်ကို အသက်ဆုံးရှုံးသွားရအောင်ထိ ဘယ်လိုပုံစံမျိုးနဲ့ ရက်ရက်စက်စက် သတ်လိုက်တာ စဉ်းစားလို့ကို မရတော့လောက်အောင်ပဲ ။ သတ်တဲ့သူဟာ သူ့ဆီမှာ အလုပ်ဝင်နေတာလည်း ကြာနေပြီး မိသားစုလို ရင်းနှီးနေတဲ့ ကိုယ့်ညီမအရွယ်လေးတစ်ယေယာက်ကို ဒီလိုရက်ရက်စက်စက်သတ်လိုက်တာကိုလည်း အံ့သြလို့လည်း မဆုံးနိုင်ဘူး ။ ဒီနေရာမှာ မတေးနုယဉ်ဟာ ကျွန်တော့် ညီမတစ်ယောက်သာဖြစ်ခဲ့ရင် ဆိုပြီးတွေးလိုက်မိတာနဲ့  တော်တော်လေးကို စိတ်ထဲမှာ ထိထိခိုက်ခိုက်ခံစားရပါတယ် ။ သူတို့မိသားစုတွေကတော့ ဘယ်လိုများ ခံစားနေရမလဲ မသိတော့ဘူး ….။ မတေးနုယဉ်ရေ …. ဘ၀ဆက်တိုင်း ဆက်တိုင်းမှာ ဒီလိုအဖြစ်မျိုးနဲ့ ဝေးပါစေဗျာ …။ မတေးနုယဉ် ကောင်းရာ ဘုံဝ ကိုရောက်ရှိနိုင်ပါစေ ။ ( ရန်နောင်စိုး )

No comments:

Post a Comment