Sunday, May 25, 2014

တီးတိန်တွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ ရှစ်ဦးသေ

ကလေး၊ မေ ၂၄

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ အနီးရှိ မိုင်တိုင် ၂၇ တွင် မေလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်က ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ချောက်ထဲကျ၍ ရှစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။


ဖလမ်း-တီးတိန်-ကလေးလမ်းအတိုင်း မောင်းလာသည့် Kinglong အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်သည် သိုင်းငင်းကျေးရွာအလွန် မိုင်တိုင် ၂၇/၆ ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ရာ ပွဲချင်းပြီး လေးဦး သေဆုံးကာ ယင်းမော်တော်ယာဉ် အတွင်းမှ လူထုတ်မရသဖြင့် သုံးဦး ထပ်မံသေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦးမှာမူ တောင်ကုန်းပေါ်သို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျန်ခရီးသည် ငါးဦးမှာလည်း စိုးရိမ်ရသော အနေအထား ရှိကြောင်း၊ ယင်းနေရာသို့ ရောက်ရှိခဲ့သော ဦးထားသွောင်က ပြောဆိုသည်။
“မိုးရွာလို့ လမ်းချော်ပြီး ကျတာ မဟုတ်ဘူး။ တစ်ခုခုကို ရှောင်ရင်း အရှိန် မထိန်းနိုင်ဘဲ ကျသွားတာလို့ ယူဆတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ယင်းမော်တော်ယာဉ်မှာ ကလေး-ဖလမ်း ပြေးဆွဲသည့် ဖလမ်းသား ယာဉ်လိုင်းမှ ဖြစ်ပြီး ကလေးမြို့မှ လုံဘန်းကျေးရွာသို့ စင်းလုံးငှားသွားခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်း အပါအဝင် ၁၃ ဦး ပါဝင်ပြီး အပြန်ခရီးတွင် ယခုကဲ့သို့ ပြုတ်ကျခြင်း ဖြစ်ကြောင်း၊ ယာဉ်မောင်းသည်လည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိုင်းငင်းကျေးရွာက မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖလမ်းသားယာဉ်လိုင်းသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုမည့်သူ မရှိဘဲ တီးတိန်မြို့နယ် ရဲစခန်းသို့ မေးမြန်းရာတွင် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးလျက် ရှိသောကြောင့် အသေးစိတ် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment