Sunday, July 1, 2012

အလောင်းတော်ကဿပဘုရားသို့

တောတောင်ထူထပ်တဲ့နေရာ၊ တောရိုင်း တိရစ္ဆာန်တွေ ပျော်မွေ့တဲ့ နေရာ၊ သဘာဝ တောတောင်အလှတွေ ခံစားရင်း မြန်မာပြည်က တန်ခိုးကြီး ဘုရားတစ်ဆူကိုသွားဖူးမယ်ဆိုရင် အလောင်းတော်ကဿပ ဘုရားဖူးခရီးစဉ်ကလည်း တစ်ခုအပါ အ၀င်ပါပဲ။

နာမည်ကျော်အလောင်း တော်ကဿပဘုရားဖူးရာသီက တစ်နှစ်မှာ လေးလတာရှိတာမို့ နိုင်ငံတစ်ဝန်းက ဘုရားဖူးတွေနဲ့ ကြိတ်ကြိတ်တိုးစည် ကားတဲ့ ဘုရားဖူးခရီးစဉ်တစ်ခုပါပဲ။
အလောင်းကဿပဘုရားဖူးသွားမယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက ရာသီဥတုပါပဲ။
အလောင်းတော်ကဿပ ဘုရားတည်ရှိရာနေရာဟာ တော တောင် ထူထပ်သလို တောင်အမြင့်ပေါ်မှာရှိတဲ့အတွက် ရာသီဥတုကထူးထူး ကဲကဲအအေး ပိုပါတယ်။
ဆောင်းဓာတ် မကုန်သေးတဲ့ ဒီဇင်ဘာလ၊ ဇန်န၀ါရီလ များမှာ သွားမယ်ဆိုရင် ထူးကဲတဲ့အအေး ဒဏ်က ဘုရားဖူးတွေအတွက် နည်းနည်း အနေခက်မှာပါ။
ဖေဖော်ဝါရီလနဲ့ မတ်လ တွေကတော့ အကောင်းဆုံးပါပဲ။ ဆောင်းရဲ့ အအေးဒဏ်ကလည်းလွတ် မိုးရာသီနဲ့လည်း သိပ်မနီးနိုင်သေး လို့ပါ။ မြန်မာလ တပို့တွဲလပြည့်နေ့ဟာ ဖေဖော်ဝါရီလအတွင်း ကျတာမို့ အလောင်းတော် ကဿပဘုရားဖူးသွား ဖို့ အကောင်းဆုံးပါပဲ။
ဘုရားဖူးတွေများ လွန်းလို့ တောင်ပေါ်မှာ နေရေးထိုင်ရေး အခက်အခဲရှိနိုင်ပေမယ့် အလောင်း တော်ကဿပဘုရားဖူးတွေအတွက် တပို့တွဲလပြည့်နေ့က အလောင်းတော် ရှင်မဟာကဿပကိန်းဝပ်စံပယ်တော် မူရာ ကျောက်ဂူအနီးမှာ မရှိမဖြစ်ရှိနေရ မယ့် နေ့ပါပဲ။
ဘာလို့ဆို နှစ်စဉ်တပို့တွဲ လပြည့်နေမှာ အလောင်းတော်ကိန်းဝပ် စံပယ်နေတဲ့ ကျောက်လိုဏ်ဂူတံခါးပွင့် တတ်လို့ပါ။
ဒါကြောင့် တပို့တွဲလပြည့် နေ့ဝန်းကျင်ရက်တွေမှာ အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေနဲ့ စည်ကား နေတတ်ပါတယ်။
ရှင်မဟာကဿပအလောင်းတော် မြတ်တည်ရှိရာနေရာကတော့ စစ်ကိုင်း ဒေသကြီး၊ ကနီမြို့နယ်အတွင်းကတော တောင်ထူထပ်တဲ့ သဘာဝသစ်တော ကြိုးဝိုင်းကြီးအတွင်းမှာပါ။
ဒါကြောင့် သွားရေးလာရေးအတွက် မိုးတွင်းကာ လတစ်ခုလုံး မဖြစ်နိုင်ပဲ တစ်နှစ်မှလေးလ လောက်ပဲ ဘုရားဖူးခရီးစဉ်အဖြစ်သွား လာနိုင်တဲ့နေရာပါ။ စစ်ကိုင်းဒေသကြီး မြို့တော် မုံရွာမြို့ကနေ အလောင်းတော် ကဿပကိုဘုရားဖူးသွားဖို့ အနီးဆုံး လမ်းက မိုင် ၆၀ ရှိပါတယ်။
ခရီးလမ်း မဝေးလှဘူးဆိုပေမယ့် ယင်းမာပင်နယ်၊ ပုလဲနယ်ထဲက နာမည်ကျော်မြောက်ယ မားချောင်းနဲ့ တခြားချောင်းမြောင်းတွေ ကိုဖြတ်ရတဲ့အတွက် လမ်းကြမ်းတာ ရယ်၊ အလောင်းတော်ကဿပရှိရာ သစ် တောကြိုးဝိုင်းအတွင်း တစ်နှစ်တစ်ခါ ဖောက်ထားတဲ့ မြေသားလမ်းအကွေ့ အကောက်တွေကနေတက်ရတဲ့အတွက် လမ်းခရီးကြန့်ကြာမှုတွေ ရှိတတ်ပါ တယ်။
ဒါကြောင့် အနီးဆုံးမုံရွာမြို့ကနေ အလောင်းတော်ကဿပဘုရားဖူးသွား ရောက်နိုင်မယ့်လမ်းတွေကို သိထားဖို့လို ပါတယ်။
မုံရွာမြို့ကနေ အလောင်းတော် ကဿပကိုရောက်နိုင်မယ့် လမ်းလေး လမ်းရှိပါတယ်။ အတိုဆုံးလမ်းတွေကတော့ မုံရွာတစ်ဘက် ကမ်းချင်တွင်းမြစ် ကူးတံတားကနေ ယာကြီး - ကလေးဝ လမ်းမကြီးအတိုင်း သစ်ယာပြင်လမ်းခွဲ - ကပိုင်လမ်း၊ နောက်တစ်ခုက ယာကြီး - ကလေးဝလမ်းမ - တရော်ကျင်း - ညောင် ကိုင်း - ကပိုင်လမ်း၊ ဒီလမ်းက ခရီးတာ အတိုဆုံးလမ်းလို့ သိရပါတယ်။
နောက် လမ်းတွေကတော့ ယင်းမာပင်မြို့ကို ဖြတ်ပြီး၊ ယင်းမာပင် - လည်ငေါက် - ရင် ပေါင်တိုင် - ကပိုင်လမ်းနဲ့ ယင်းမာပင် - ဇီးတော - ရင်ပေါင်တိုင် - ကပိုင်လမ်း တွေပါ။ အနယ်နယ် အရပ်ရပ်ကဘုရားဖူး တွေအနေနဲ့ မုံရွာမြို့ကို ဦးစွာလာရောက် ကြပြီး အထက်ပါလမ်းတွေအတိုင်း အလောင်းတော်ကဿပဘုရားဖူးသွား ရောက်နိုင်ပါတယ်။
မုံရွာကနေ ချင်းတွင်း မြစ်ကိုဖြတ်ပြီး ယင်းမာပင်မြို့နယ်ဖြတ် လမ်းတွေကနေ သွားမယ်ဆိုရင်လည်း ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ် အတွင်း ကသာယာလှပတဲ့ ကျေးရွာတွေနဲ့ လှပတဲ့ စိုက်ခင်းတွေကို ခရီးသွားလာရင်း တ၀ ကြီးခံစားနိုင်မှာပါ။
ဘယ်လမ်းကနေပဲ သွားသွား အလောင်းတော်ကဿပ တောင်ခြေ က ကပိုင်ရွာကိုရောက်ရမှာပါ။
ကပိုင်ရွာ မှာ ဘုရားဖူးကားတွေ ခရီးတစ်ထောက် နားနေနိုင်ဖို့ အဆင်ပြေမှာပါ။
ဘုရားဖူး ခရီးသည်တွေအတွက် အစား အသောက်နဲ့ ကျန်းမာရေးကိစ္စတွေ အားလုံးအဆင်ပြေနိုင်မယ့် စားသောက် ဆိုင်ကြီးတွေ၊ စားသောက်ရပ်နား စခန်းတွေ ကပိုင်ရွာမှာ ရှိနေပါတယ်။
ကပိုင်ရွာက ရှင်မဟာကဿပ အလောင်းတော်တည်ရှိရာ တောင်ပေါ် ကိုတက်ရောက်နိုင်မယ့် တစ်ခုတည်းသော တောင်တက်လမ်း ဂိတ်ဝင် ရွာတစ် ရွာပါပဲ။
ကပိုင်ရွာကနေ တောင်ပေါ်အထိ မိုင် ၂၀ ခရီးကတော့ ယာယီဖောက်လုပ် ထားတဲ့ မြေသားလမ်းနဲ့ တောင်တက်ခရီး သက်သက်ပါပဲ။ နယ်ဝေးက လာတဲ့သူ တွေ ကားကောင်းမယ်ဆိုရင် ကိုယ်ပိုင် ကားလေးတွေနဲ့လည်း တောင်ပေါ်ကို တက်ရောက်နိုင်ပါတယ်။
ဒါပေမယ့် တောင်တက်လမ်း ကျဉ်းမြောင်းတဲ့ အတွက်လမ်းမှာ ကားဟွန်းအဆက် မပြတ် တီးသွားဖို့လိုပါတယ်။
တခြား ဘုရားဖူးတွေအတွက်လည်း မုံရွာမြို့ ရောက်ရင် အလောင်းတော်ကဿပ ဘုရားဖူး အရောက်ပေးပို့နေတဲ့ မှန်လုံယာဉ်တွေပေါ လှပါတယ်။
တောင်ခြေကပိုင်ရွာကနေ တောင် တက်ခရီးခုနစ်မိုင်လောက်ပေါက်ပြီးတဲ့ အခါ အလောင်းတော်ကဿပအမျိုး သားဥယျာဉ်ဘေးမဲ့ သစ်တောကြိုးဝိုင်း အ၀င်ဂိတ်ဖြစ်တဲ့ ဂုံညင်းပင်စခန်းကို ရောက်မှာပါ။ လာသမျှကားတွေအားလုံး အဲဒီစခန်းမှာ ယာဉ်ကြံ့ခိုင်မှုနဲ့ တင် ဆောင်လာတဲ့ လူဦးရေအတွက် အစစ် ဆေးခံရပါတယ်။
ဂိတ်ကြေးပေးဆောင် ရပါတယ်။
ဂုံညင်းပင်စခန်းကနေ တောင်တက် လမ်းအကွေ့အကောက်နဲ့ စမ်းချောင်း တွေကို ၁၃ မိုင်ခရီးဖြတ်ပြီးတဲ့နောက်မှာတော့ အလောင်းတော်ကဿပဘုရား ဖူးခရီးစဉ် ကားလမ်းဂိတ်ဆုံးဖြစ်တဲ့ သပိတ်ဆေးစခန်းကို ရောက်ပါတယ်။
အဲဒီစခန်းကနေ ရှင်မဟာ ကဿပ အလောင်းတော်ရှိရာ ကျောက်လိုဏ်ဂူနဲ့ စံကျောင်းတော်ကို ခြေလျင်ဖြစ်စေ၊ ဆင် နဲ့ဖြစ်စေ တက်ရောက်နိုင်ပါတယ်။
တောင်တက်လမ်းအကွေ့အကောက်မှာ စိမ့်စမ်းရေဓာတ်နဲ့အငွေ့ပျံနေတဲ့ မြေ သားခပ်စိုစိုလမ်းပေါ်မှာ အသွားအလာ ခက်နေမယ့် သူတွေအတွက် ၄၅ မိနစ်နီး ပါး ကြာညောင်းတဲ့ခရီးအတွက် လူတစ်ယောက်ဆင်စီးခ ကျပ်နှစ်ထောင်ဆိုတာ အလွန်သင့်တော်တဲ့ ဈေးနှုန်းလို့ဆိုရမှာပါ။
တခြားနေရာတွေမှာ အလွယ်တကူ မရှိနိုင်တဲ့ ထူးခြားတဲ့တောတောင် ဘုရားဖူးခရီးစဉ်အတွင်း ဆင်စီးရတဲ့ အရသာကို တ၀ကြီး ခံစားရမှာပါ။
အလောင်းတော်ကဿပဘုရားဖူး သွားမယ်ဆိုရင် အခြားသတိထားရမယ့် အချက်က အပြောအဆိုအနေအထိုင် သတိထားဖို့ပါ။
အလောင်းတော်တည်ရှိ တောတောင်တစ်ဝိုက်ဟာ အလွန်တရာ တောနက်ပြီး နတ်ကြီးတယ်လို့ရှေးအစဉ် အဆက်ကတည်းက ယုံကြည်ထားကြတဲ့ အတွက် ဘုရားဖူးခရီးစဉ်အတွင်း အဆင်မပြေတာတွေမဖြစ်စေဖို့ သတိထားသွားလာဖို့လိုမှာပါ။
တန်ခိုးကြီးရှင် မဟာကဿပ အလောင်းတော်ရှိရာ တောင်ကိုရောက် ရင် ညအိပ်ညဥ့်နေဘုရားဖူးခရီးသည် တွေအတွက် ပထမဆုံးတည်းခိုဆောင် ဘက်တွေဆီ သွားသင့်ပါတယ်။
တည်းခို ဆောင်ပေါင်း ၅၀ ကျော်မှာ ဘုရားဖူးခရီးသည် ၂,၀၀၀ ကျော်နေထိုင်နိုင်တဲ့ အတွက် တည်းခိုစရာနေရာအတွက် အထူး တလည်စိတ်ပူဖို့ မလိုပါဘူး။
မည်သည့်တည်းခိုဆောင်မှာပဲ ဖြစ်ဖြစ် ဘုရားဂေါပကအဖွဲ့ရဲ့ စီစဉ်မှုနဲ့ အခမဲ့ တည်းခိုရမှာပါ။
ဘုရားဖူးခရီးသည်တွေ အတွက် အစားအသောက်နဲ့ အခြား အသုံးအဆောင်တွေ ရနိုင်မယ့် ဈေးဆိုင် တန်းရှိသလိုအမှတ်တရပစ္စည်း အရောင်း ဆိုင်တွေလည်းရှိနေပါတယ်။
ရှေးယခင်ကတည်းက တည်ထားကိုး ကွယ်ခဲ့တဲ့ အလောင်းတော်ကဿပစံ ကျောင်းတော်ကို သွားရောက်ဖူးမြော်ရင်း ကိုးန၀င်းစေတီ၊ တစ်ရာ့ရှစ်ဆူဘုရား၊ သစ္စာရေတွင်း၊ ကြေးစည်ဆောင်တို့ကို လည်းတစ်ပါတည်း ဖူးတွေ့ရမှာပါ။
စံကျောင်းတော်ကနေ အောက်ဘက်ပေ တစ်ရာနီးပါးနက်တဲ့ ချောက်ကမ်းပါး အတွင်းကို ကွန်ကရစ်လှေကားအတိုင်း ဆင်းသွားမယ် ဆိုရင် ရှင်မဟာကဿပ အလောင်းတော်စံမြန်းရာ ပတ္တမြားလိုဏ် ဂူကျောက်တံခါးကို ဖူးတွေ့ရမှာပါ။
ထူး ခြားအံ့ဩဖွယ်ကျောက်တံခါး၊ ထူးခြား လှပတဲ့ ကျောက်စက်ပန်းဆွဲတွေနဲ့ ကျောက်လိုဏ်ဂူ၊ အေးစိမ့်တဲ့ စိမ့်စမ်းရေ အထိအတွေ့ တွေကတော့ အလောင်း တော်ကဿပဘုရားဖူးခရီးစဉ်ရဲ့အထူး ခြားဆုံးစိတ်ခံစားမှုဖြစ်မှာပါ။
အလောင်းတော်ရှိရာ ကျောက်လိုဏ်ဂူကနေပြန် တက်လာပြီး စံကျောင်းတော်တစ်ဖက် ကျောက်လိုဏ်ဂူ နံရံအပေါ်ဘက်မှာ တော့ မောင်ရင်ငယ်ပေါက်လို့ခေါ်တဲ့ နေရာအမှတ်အသားကို မြင်တွေ့ရ မှာပါ။ မောင်ရင်ငယ်ပေါက်အထက်ကနေ အောက်ခြေမှာစီးဆင်း နေတဲ့ အေး စိမ့်တဲ့ စိမ့်စမ်း ရေအထိအတွေ့ကိုလည်း ခံစားထိတွေ့ ရပါတယ်။
အလောင်းတော်ကဿပဘုရားဖူး ခရီးစဉ်အတွင်း အနီးအနားကဆင်ဝိုင်းတွေမှာ သွားရောက်လေ့လာကြည့်ရှုနိုင်သလို တောတောင် အလှတွေ ခံစားရင်း မနီးမဝေးတခြားတစ်နေရာမှာ လွမ်းစေ တီနဲ့ ဆုတောင်းပြည့်စေတီတို့ကိုလည်း သွားရောက် ဖူးတွေ့နိုင်ပါတယ်။
အလောင်းတော်ကဿပတည်ရှိရာ သစ်တောကြိုးဝိုင်းကြီးဟာ မြန်မာနိုင်ငံ မှာ အထူးခြားဆုံးလို့ခေါ်ဆိုနိုင်ပြီး ဧရိယာအားဖြင့် ဧက ပေါင်းနှစ်သိန်းလေး သောင်းကျော်ကျယ်ဝန်းပါတယ်။
ဆင် ရိုင်း၊ ကျားသစ်၊ ၀က်ဝံ၊ ချေ၊ ဆတ်၊ တောဝက်၊ စိုင်၊ တောဆိတ်၊ တောင်ဆိတ်စတဲ့ တောရိုင်းတိရစ္ဆာန်တွေနေထိုင်တဲ့ သစ်တော ကြိုးဝိုင်းအတွင်း သက်တမ်းရင့် သစ်မျိုးကောင်းမျိုးစုံကို တွေ့ရှိနိုင်ပါတယ်။
ခရီးလမ်းကြမ်းတမ်း ဝေးလံခေါင်းပါးလို့ရောက်နိုင်ခဲပေမယ့် အလောင်းတော် ကဿပဘုရားဖူးခရီးစဉ်က မြန်မာနိုင်ငံတွင်းမှာ မဖြစ်မနေအရောက်သွားသင့်တဲ့နေရာတစ်ခုပါ။

No comments:

Post a Comment