Saturday, December 24, 2011

ပြည်ပအလုပ်အတွက် မြို့နယ်အလုပ်သမားရုံးများတွင် တိုက်ရိုက်မှတ်ပုံတင်နိုင်

ရန်ကုန်ဒီ ၊ ဇင်ဘာ ၂ဝ
ပြည်ပတွင် အလုပ်သွားရောက် လုပ်ကိုင်လိုသူများသည် လူမှောင်ခိုကူးခံရမှုများ၊ နယ်ဒေသများမှ
အလုပ်သမားများ၊ နယ်ပွဲစားများ၏ ခေါင်းပုံဖြတ်မှုများကင်းဝေးစေရန် ၊ အချိန် ၊ ငွေကြေးကုန်ကျမှုများ သက်သာစေရန် အလုပ်သမားဝန်ကြီးဌာန ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်အလုပ်အကိုင်နှင့်
အလုပ်သမားရှာဖွေရေးရုံးများတွင် တိုက်ရိုက်မှတ် ပုံတင်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောသည် ။
ရန်ကင်းမြို့နယ် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားကျွမ်းကျင်မှုသင်တန်းကျောင်းတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို တွေ့ဆုံ၍ ပြုလုပ်သော အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ၌ ယင်းသို့ပြောကြားခြင်းဖြစ်သည် ။
အဆိုပါရုံးများတွင် ပြည်ပအလုပ်အကိုင်များအတွက် တိုက်ရိုက်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အထူးသဖြင့် ထိုင်းနိုင်ငံ အလုပ်အကိုင်အတွက်ဖြစ်ပြီး ယင်းနိုင်ငံမှ အလုပ်ကမ်းလှမ်းစာများကိုအဆိုပါရုံးများတွင် ကြော်ငြာပေးခြင်း၊ မှတ်ပုံတင်လက်ခံခြင်းများ ပြုလုပ်ပေးကာ ထိုင်းအလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားလှယ်က ရွေးချယ်ခေါ်ယူနိုင်ရေး၊ အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး၊ ဆေးစစ်ဆေးနိုင်ရေးစသည့် ထွက်ခွာရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်သိန်းကဆိုသည် ။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင် နိုင်ရန် တာချီလိတ်၊ ကော့သောင်း၊ မြဝတီ နယ်စပ်စခန်း အလုပ်သမား ရှာဖွေရေးရုံးများတွင် ကြော်ငြာပေးခြင်း၊ မှတ်ပုံတင်ခြင်း၊ ယာယီနိုင်ငံကူး လက်မှတ်ရုံးတွင် ကိုယ်ရေးဖြည့်ခြင်း၊ ထိုင်းအလုပ်ရှင် လာရောက်ရွေးချယ်မှုကို စောင့်ဆိုင်းရခြင်း၊ အလုပ်ရှင် ၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခြင်း၊ ဆေးစစ်ခြင်း၊ Calling နှင့် Work-permit စောင့်ခြင်း စသည်တို့ကြောင့် ယင်းနယ်စပ်ရုံးများတွင် ရက်ပေါင်း ၂ဝ မှ ၄၅ရက်အထိ စောင့်ဆိုင်းနေရသဖြင့် ပြည်ပသို့ အလုပ်သမားများ အချိန်၊ ငွေကြေး များစွာကုန်ကျပြီးမှ သွားရောက်လုပ်ကိုင်နေရကြောင်း အလုပ်သမားဝန်ကြီးဌာန ထံမှသိရသည် ။
''တချို့အလုပ်သမားတွေဆိုရင် ဗဟုသုတနည်းတာရယ်၊ လူမှောင်ခိုတွေမြှူဆွယ်လို့ တရားဝင် အထောက်အထားမယူဘဲ သွားကြတယ် ။ တချို့က တရားမဝင်သွားကြတာရှိတယ်။ အဲဒီလိုသွားရင် အဓမ္မအလုပ်လုပ်ခိုင်းတာတွေ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွေမှာ လုပ်နေရတယ်'' ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းတပ်ဖွဲ့မှ ရဲမှူးကြီးဝင်းနိုင်ထွန်းက ပြောကြားသည်။
အဆိုပါ အခြေအနေများကြောင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီသည် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသော ပြည်ပမှအလုပ်သမားများကို ရန်ကုန်မြို့တွင် မှတ်ပုံတင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရွေးချယ်ခြင်း၊ Calling စောင့်ခြင်းများကို လုပ်ဆောင်စေမည်ဖြစ်ကြောင်း၊ ယင်း Calling ကျသူများကို လေကြောင်းဖြင့် ရန်ကုန်-တာချီလိတ်၊ ရန်ကုန်-ကော့သောင်း၊ ရန်ကုန်-မြဝတီ နယ်စပ်စခန်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားနိုင်မည်ဖြစ်ပြီး ရန်ကုန်မှတိုက်ရိုက်လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တိုက်ရိုက်စေလွှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည် ။
အခြားပြည်ပနိုင်ငံများအတွက် ပုဂ္ဂလိက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌

မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၇၇ ရုံး ဖွင့်လှစ်ထားပြီး မှတ်ပုံတင်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment