Friday, December 16, 2011

မြစ်ဆုံစီမံကိန်းနယ်မြေတွေ

မစ်ဆုံရေအား လျှပ်စစ် တည်ဆောက်ရေး လုပ်ငန်းခွင် ဧရိယာအား ကန့်သတ်နယ်မြေ အဖြစ်သတ်မှတ်ထားပြီး ဖြတ်
သန်းသွားလာခြင်း မပြုရန်  တားမြစ် ထားကြောင်း ဒေသခံများ ထံမှ သိရသည်။
”ဘာအကြောင်းမှ ရယ်တော့ မဟုတ်ပါဘူး။ လုပ်ငန်း ဆက်မလုပ် တော့ပေမယ့် တချို့တန်ဖိုးကြီး ပစ္စည်းတွေ ရှိနေသေးလို့ အပြင်လူ တွေ ဝင်ထွက်ရင် ပျောက်ရှမှုနဲ့ မလိုလားအပ် တာတွေ ဖြစ်လာမှာစိုးလို့ အထက်က ညွှန်ကြားတဲ့ အတိုင်း တားမြစ်ချက် ထုတ်ထားရတာပါ” ဟု ဝိုင်းမော်နယ်၊ ခပ်ချိုကျေးရွာ  အထက်ပိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးက ပြောသည်။
တားမြစ်ချက်သည် အမြဲတမ်း မသွားရန် ထုတ်ပြန်ခြင်းမျိုး မဟုတ်ဘဲ ရက်အပိုင်းအခြား အလိုက်သာ မသွားရန် တားမြစ်ချက် ထုတ်ပြန်ခြင်းကြောင့် ယင်းတားမြစ် ချက်နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ပေါ်၌ ကောလာဟလ သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း မြစ်ကြီးနားမြို့ခံ များက ပြောသည်။
”ကျွန်တော်တို့ ကြားရတာတော့ အဲဒီအထဲမှာ ကေအိုင်အေ က ဗုံးတွေ ဝင်ထောင်ထားတယ်လို့ ပြောနေကြတာပဲ။ ဗုံးတွေလည်း ပေါက်တယ်လို့ ပြောနေကြတာပဲ။ အဲဒီမှာရှိတဲ့ ၀န်ထမ်းတွေလည်း မပြန် သေးဘဲ ကြိတ်ပြီးဆက်လုပ်နေကြ တယ်လို့ ပြောနေကြတာပဲ” ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးဖြစ်သူ ဦးနေဝင်း က ပြောသည်။
ယင်းကဲ့သို့ တားမြစ်နယ်မြေ အဖြစ် ကန့်သတ်ခြင်းကို နိုဝင်ဘာလ ၁၉ ရက်က စတင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး မြစ်ကြီးနားမြို့အနီး ပတ်ဝန်း ကျင်ဒေသများ အားလုံးသို့ အသိ ပေးထားကြောင်း၊ မလိုက်နာဘဲ ဖြတ်သန်း သွားလာမှု ရှိခဲ့ပါက အရေးယူ ရန် ညွှန်ကြားထားကြောင်း ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများမှ စုံစမ်းသိရသည်။
”ကျွန်မတို့ကတော့ မဖြတ်နဲ့ ဆိုရင် မဖြတ်ဖို့ဘဲ ရှိတာပါပဲ။ သူတို့ အထဲမှာ ဘာတွေလုပ်နေသလဲတော့ မသိပါဘူး။ အရင်ကလည်း တစ်ခါမှ ဖြတ်မသွား ဖူးဘူးပါဘူး” ဟု မြစ်ဆုံ နှင့် တစ်မိုင်အကွာရှိ တန်ဖဲကျေးရွာ ရွာခံတစ်ဦးက ပြောသည်။
ဖြတ်သန်း သွားလာခြင်း မပြုရန် ကန့်သတ် တားမြစ်မှုသည် နိုဝင် ဘာလ ၁၉ ရက်မှ ဒီဇင်ဘာ ၁၈ ရက် အထိသာ ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ယင်းနောက်ပိုင်း၌ ထပ်မံ တားမြစ်ချက် ထုတ်ပြန်မှု ရှိနိုင်မရှိနိုင် မသေချာသေးကြောင်း ဒီဇင်ဘာ ၇ ရက်အထိ ထပ်မံညွှန်ကြားချက် မရှိသေးကြောင်း၊ ထပ်မံညွှန်ကြားဖွယ် ရှိနိုင်ကြောင်း ဦးကျော်နိုင်ဦးက ပြောသည်။
ဥာဏ်လင်းအောင်
ပေါ်ပျူလာ ဂျာနယ်

No comments:

Post a Comment